-->
“ဟိုမှာဥသျှစ်သီးတစ်လုံးပါလား၊ ပွတာပဲ” ဆင်ပြောင်ကြီးသည် အားရ၀မ်းသာနှင့် သူ့ရှေ့ မှ ယုန်ငယ်ကို ကျော် ဖြတ်လိုက်၍ ဥသျှစ်သီးအား နှာမောင်းနှင့်ကောင်ယူလိုက်စဉ်မှာ ပင် “၀ုန်း” ခနဲ ကျယ်လောက်သော မြည်ဟည်းသံကြီး နှင့်အတူ မြေကြီးအောက်ထဲသို့ ကျွံဝင် သွားတော့၏။ “မြေပြိုပြီ၊ မြေပြိုပြီ၊ မြေကြီးပြိုပြီ၊ ပြေးကြဟေ့ ပြေကြ” ကြောက်လန့် တကြားနှင့် ပြေးလွှားလာသော ယုန်ငယ်ကြောင့် အခြားသောတိရစ္ဆာန်များမှာ လည်း ဘုမသိ ဘမသိ လိုက်ပြေးကုန်ကြ၏။ အချို့က “ဘယ်မှာပြိုတာလဲ” ဟု မေးကြလေရာ၊ ယုန်ငယ်က “ဟိုဘက်နားမှာ၊ မြေပြိုတဲ့ အထဲ ဆင်ပြောင်ကြီးပါ ပါသွားတယ်၊ ပြေးနိုင်မှ လွတ်မယ်ဟေ့” တိရစ္ဆာန် များမှာ ပိုမိုထိတ်လန့် တုန်လှုပ်ကာ ယုန်ငယ်နည်းတူ ဆောက်တည်ရာမဲ့ ပြေးလွှားကုန်တော့ ၏။ ထိုဗရုတ်ဗရက် အဖြစ်အပျက်အားတော သုံးတောင်ကိုအစိုးရသည့်ကေသရာဇာခြင်္သေ့မင်းမြင်လေ သော် တိရစ္ဆာန် တို့ကို ရပ်တန့် ခိုင်း၍ ဇစ်မြစ်အမှန်ကို စစ်မေးတော့၏၊တစ်ဆင့် ပြီးတစ်ဆင့် စစ်မေးပြီး သောအခါ ဤပြဿနာ၏ အစပြုရာ ယုန်ငယ်ထံ၌ ဂိတ်ဆုံးလေ တော့သည်။
“ငါထင်သားပဲ၊ပြဿနာကောင်ဟာ အယုံလွယ်တတ်တဲ့ ယုန်ငယ်ပဲဖြစ်ရမယ်ဆိုတာ၊ ကိုင်း ပြောစမ်း ၊မြေပြိုတာကို မောင်မင်းတကယ်ပဲမြင်ခဲ့သလား” “မြင်ပါတယ်ခင်ဗျာ ၊ ပြိုတဲ့ အထဲ ဆင်ပြောင်ကြီးပါ ပါသွားပါတယ်” “ဟုတ်ရဲ့လား ၊ အရင်က မောင်မင်းတို့ဘိုးဘေး အသိဉာဏ်မဲ့တဲ့ ယုန်ငယ်တစ်ကောင်တုန်းကလည်း ဥသျှစ်သီးကြွေတာကို မြေပြိုတယ်ဆိုပြီး မဆင်မခြင်ပြောလို့ တောအုပ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ ဖူးပြီးပြီ” “အခုဟာက တကယ်ပါဗျာ၊ ဥသျှစ်သီးတော့ ဥသျှစ်သီးပါပဲ၊ အဲဒီ ဥသျှစ်သီးကို သွားယူတဲ့ ဆင်ပြောင် ဖင်တောင်မထောင်နိုင်ဘဲ မြေပြိုတဲ့အထဲ ပါသွားတာ ကျွန်တော်မျိုးမျက်စိနဲ့ တတ်အပ်မြင်ခဲ့ရတာပါ” “အေး သေချာတယ်ဆိုရင် သွားကြည့်မယ် ၊ မဟုတ်လို့ကတော့ နာပြီသာမှတ်ပေရော့ ၊လာ အားလုံး သွားကြည့်ကြမယ်” သို့နှင့်ပင် ခေါင်းကိုမော့ ရင်ကိုကော့၍ ၀င့်ဝင့်ကြွားကြွား စွင့်စွင့် ကားကားကြီး ရှေ့မှဦးဆောင် သွားသည့် ခြင်္သေ့မင်း၏ အနောက်မှ အခြားတိရစ္ဆာန်များမှာ တုန်တုန်ရီရီ နှင့် ကုတ်ချောင်းချောင်း လိုက်ပါခဲ့ကြရတော့၏။ မြေပြိုသည့်နေရာရောက်သောအခါ ယုန်သည် လွန်စွာထိတ်လန့် အံသြသွား၏။ ထိုနေရာ၌ မြေသည်အကောင်းမကတိအတိုင်းရှိနေ၏။ ထိုမြေပြောင်ပြောင် ပေါ်၌ ဆင်ပြောင်ကြီး ကောက်ယူရန် ကြိုးစားခဲ့သည့် ဥသျှစ်သီးမှာလည်း ပြောင်ပြောင်တင်းတင်းကြီး ရှိနေဆဲ။ မိမိမျက်စိများမှားတာလား။လုံးဝမဖြစ်နိုင်။ ဆင်ပြောင်ကြီးပြုတ်ကျ ပျောက်ကွယ်သွားသည်ကို အသေအချာမြင်တွေ့လိုက်ရပါလျက် ယခု မည်ကဲ့သိုဖြစ်ရပါသနည်း။ သူ၏အသက်တော့အိုးစားကွဲရ ပေတော့မည်။ “ဘယ်မှာလဲကွ မြေပြိုတာ” ခြင်္သေ့မင်းထံမှ ဒေါသတကြီး ဟိန်းဟောက်မေးမြန်းသံကြောင့် ယုန်ငယ်မှာ လိပ်ပြာလွင့်စဉ်မ တတ်ဖြစ်သွားရ၏။ “ဒီ ဒီနေရာမှာပါပဲ ၊ ဒါပေမယ့်” “ဘာ ဒါပေမယ့်လဲ ၊ ခွေးမသား ၊အဲလေ ယုန်သဘောက်မသား၊ ငါဖင်ပိတ်ကန်လိုက်ရ၊ ကြည့်လိုက်စမ်း၊မင်းပြောတဲ့နေရာ မှာမင်းအဘကြီး ဥသျှစ်သီးပဲရှိနေတယ်၊ မြင်လား” “မြင် မြင်ပါတယ်အရှင်မင်း ၊ ကျွန်တော်မျိုး တကယ်မလိမ်ပါဘူး ၊ဒါ ဘယ်လိုဖြစ်သွားတာလဲ ဆိုတာ” စကားမဆုံးခင်မှာ ပင် ယုန်ငယ်၏အသံ တိမ်ဝင်သွား၏၊ မျက်ရည်များလည်း ရစ်ဝိုင်း လာသည်။ အခြားတိရစ္ဆာန်များလည်း ယုန်ငယ်ကိုအပြစ်ဖို့ သည်မျက်လုံးများနှင့် ၀ိုင်းကြည့်နေကြ သောကြောင့် ပိုမိုဝမ်းနည်းလာ၏။ ခြင်္သေ့မင်းကြီး၏ အောင်မြင်ခန့်ညားသောအသံ ပေါ်လာပြန်၏။ “တိရစ္ဆာန် အပေါင်းတို့ ဒီယုန်ငယ်၏ အဘေးတစ်ကောင်တုန်းက လည်းယခုကဲ့သို့ ပင်ပြုမူခဲ့ ကြကြောင်းအားလုံးအသိပင်ဖြစ်သည် ၊ အခုလည်းဒီယုန်မိုက် က ဘိုးဘေးတို့လမ်းစဉ်အတိုင်းမဆင် မခြင် ကောလာဟလထုတ်လွှင့်၍ တိရစ္ဆာန်အပေါင်းတို့အား ချောက်ချားစေပြန်လေသည်။ သို့မို့ကြောင့် နောက် ဤကဲ့သို့ ယုန်မိုက်နှင့် ဥသျှစ်သီး ဇာတ်လမ်းမျိုး မပေါ်ပေါက်စေရန်အတွက်ကျွန်ုပ်ကိုယ်တိုင် ဆုံးမမည်၊ ဤ ဥသျှစ်သီးနှင့်ပင် အသိဉာဏ်ကင်းမဲ့သော ယုန်မိုက်၏ ငယ်ထိပ်ကို မသေမချင်း ထုနှက်ဆုံးမရန် ကျွန်ုပ်ဆုံးဖြတ် လိုက်သည်။ တိရစ္ဆာန်များအားလုံး တိတ်ဆိတ်သွားကြ၏။ မည်သူမှ စောဒက မတက်ရဲကြ၏။ အချို့က ယုန်ငယ်ကိုသနားကြ၏။ အချို့ကတော့ ဒီလိုအသိဉာဏ်မရှိတဲ့ကောင်မျိုး ဒီလိုဆုံးမမှ တန်ကာကျမည်ဟု တွေးကြပြန်၏။ အမျိုးမျိုး စိတ်အဖုံဖုံပင်တည်း။ ခြင်္သေ့ကြီးသည် အားလုံးကိုမာန်ပါပါကြည့်ပြီး အကြောက်လွန်သေးထွက်၍ ဆွံ့ အသလိုဖြစ် သော ယုန်ငယ်ကိုဆုံးမ ရန် ဥသျှစ်သီးရှိရာသို့ ခန့်ခန့်ကြီး လှမ်းထွက်သွားပြီး ဥသျှစ်သီးအားကောက် ယူလိုက်လေရာ “၀ုန်း” “ဟိုက် ကျွံပဟ” “မြေတကယ်ပြိုတာဟေ့၊ ခြင်္သေ့မင်းပါသွားပြီ” “ပြေးဟေ့ ပြေးဟ” တိရစ္ဆာန် အပေါင်းတို့ သည်ဘာကိုမှမစဉ်းစား နိုင်တော့ဘဲ ခြေဦးတည့်ရာ ၀ရုန်းသုန်းကား ပြေးလွှားကုန်ကြ၏။ သူတို့သည် အလွန်ဝေးလံခေါင်သိသော နေရာများအထိ ပြေးလွှားပုန်းအောင်း ကာ ကမ္ဘာမြေကြီး ဆက်၍ပြိုလေမလားဟု တွေးရင်း ရင်တထိတ်ထိတ် နှင့်စောင့်နေကြ၏။ ကမ္ဘာမြေ ကြီးကတော့ ဆက်၍မပြိုပါ။ မြေကြီးသည် ထိုနေရာ၌သာ ဘာကြောင့် ကွက်ကွက်ကလေးပြိုသွားခဲ့ရသည်ဆိုသည့် အကြောင်းအရင်းကိုလည်း သူတို့ ဉာဏ်မမီသောကြောင့် နားမလည်ကြပါ။ သို့သော် ထိုမြေပြိုသည့် အထဲပါသွားသည့် ဆင်ပြောင်ကြီးနှင့် ခြင်္သေ့မင်းကိုတော့ ယခုထက်တိုင် သူတို့မတွေ့ ကြရတော့သည်မှာ အမှန်ပင်။ အကယ်၍သာနယ်လှည့်ဆပ်ကပ်ပွဲ တစ်ခု၌ လူတို့၏ ကြာပွတ်သံများစေခိုင်းရာ မအီမလည် သရုပ်ဆောင်နေကြရသည့် ဆင်ပြောင်ကြီး နှင့်ခြင်္သေ့ မင်းတို့၏ အဖြစ်အပျက်ကို တိရစ္ဆာန်အပေါင်း မြင်တွေ့ကြရမည်ဆိုလျှင်တော့။ ဒီဘလော့လေးကို ဟားခလုတ်၁၁ ထဲ့က ယုန်နဲ့ဥသျှစ်သီး ပုံပြင်လေးကို new version နဲ့ ရေး ထားတာမို့ စိတ်ဝင်စားလို့တင်ပေးလိုက်ပါတယ်။ ရေးတာကတော့ ဥက္ကာမင်းဆက် ပါ။