This is about Me !

My photo
I am a programmer.

Thanks for visiting my blog, I hope you will be getting something from this. I would like to share what I knew and please you could be reshared what you knew.

www.facebook.com/Kyaw Bo Lin

Wednesday, June 20, 2012

ချစ်သူ သို့......


ဒီစာကို ရေးနေတဲ့အချိန်မှာ နင်ကတော့ နင့်ရဲ့ Girl Friend နဲ့ အတူတူ မိုးညတွေကို ဖြတ်သန်းနေပြီပေါ့နော်။ ငါထင်ပါတယ်လေ ၊ ဒီလိုမျိုး မိုးဖွဲဖွဲလေးရွာနေတဲ့ ညအချိန်လေးမှာ နင့်ကောင်မလေးနဲ့အတူ Coffee Circles မှာ ကော်ဖီအတူတူသောက်ရင်း မိုးညရဲ့ အရသာကို ခံစားနေလောက် ပါပြီ။ ငါလည်း အတူတူပါပဲ။ ဒါပေမဲ့ နင်တို့လို Coffee Circles မှာတော့ မဟုတ်ဘူး။ ငါရဲ့ အိပ်ရာဘေးက စားပွဲမှာ၊ ပြီးတော့ နင့်လို သက်ရှိအဖော်နဲ့တော့ မဟုတ်ဘူး။ စာအုပ်နှစ်အုပ်၊ ဘောပင်တစ်ချောင်း၊ ပြီးတော့ ငါကိုယ်တိုင်ဖျော်ထားတဲ့ ကော်ဖီပူပူလေးတစ်ခွက် ၊ ဒါတွေက ငါ့ရဲ့ အဖော်တွေပေါ့။ ဒါပေမဲ့ သိပ်ဝမ်းနည်းဖို့ကောင်းတာတစ်ခုက နင်တို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တီတီတာတာ ပြောဆိုနေကြတဲ့ အချိန်မှာ ငါကတော့ ဘောပင်တစ်ချောင်းကိုင်ပြီး နင့်ရဲ့ အကြောင်းတွေကို စာအုပ်ထဲမှာ သီကုံးရေးဖွဲ့ရင်း ကော်ဖီပူပူကို သောက်နေခဲ့တာ။ မိုးညမှာ နင့်အကြောင်းတွေကို တွေးနေရင်းနဲ့ပဲ ပြတင်းပေါက်ကကျလာတဲ့ မိုးစက်လေးတွေကို ကြည့်နေခဲ့တာ။ နင် မတရားဘူးဟာ။ အေးပေါ့လေ နင်ကတော့ ပြောမှာပေါ့၊ ဘာဆိုင်လို့လဲလို့ ။ ဟုတ်ပါတယ် ၊ ငါနဲ့ ဘာမှမဆိုင်တော့ပါဘူး ။ ဒါပေမယ့် ဆိုင်ချင်နေသေးတဲ့ ငါရဲ့ရင်ခုန်သံတွေကိုတော့ ငါတားဆီးလို့ မရသေးဘူးဟာ။ ငါ့နှလုံးသားကို ငါအမိန့်ပေးခိုင်းစေလို့ မရသေးလို့ပါဟာ။ ငါ နင့်အကြောင်းတွေကိုမတွေးတော့ဘူး၊ နင်နဲ့ပတ်သက်သမျှတွေကို မရေးတော့ဘူးလို့ ဆုံးဖြတ်ထားပြီးပေမယ့်လည်း တွေးလိုက်တိုင်းနင့်အကြောင်း၊ ရေးလိုက်တိုင်းနင့်အတွက်တွေပဲ ဖြစ်နေမိတယ်။ ဒါပေမယ့် ဒါတွေဟာငါ့ရဲ့ ခံစားချက်အနေနဲ့ပဲ ရှိနေမှာပါ။ ဒီခံစားချက်တွေကြောင့် နင်ဘာတစ်ခုမှာ မထိခိုက်စေရဘူး။ ပြီးတော့ နင်မတောင်းပေမယ့်လည်း ငါပေးတဲ့ ကတိတစ်ခု၊ နင်နဲ့ ဘယ်သောအခါမှ ပတ်သက်မှုမရှိစေရပေါ့။ ချစ်သူ June 19 ဆိုရင် နင်နဲ့ငါသိခဲ့တာ ၊ ခင်မင်ခဲ့တာ တစ်နှစ်ပြည့်ပြီနော်။ နင်ကတော့ ဒါတွေကို သိမှာမဟုတ်ပါဘူး။ အခု နင့်ခေါင်းထဲမှာ နင့်ကောင်မလေးအကြောင်းတွေကလွဲရင် ဘာမှရှိမှာမဟုတ်ပါဘူး။ ထားပါလေ။ အမှန်တော့ ဒီအမှတ်တရတွေကလည်း အစကတည်းက ငါ့ဘက်ကသာ မှတ်ထားခဲ့ရ တာပါ။ 2010 ရဲ့ June 19 ဟာငါ့အတွက် ပျော်ရွှင်ဖွယ်အတိ ပြီးခဲ့ပေမယ့် 2011 ရဲ့ June 19 က ငါ့အတွက် အထီးကျန်မှုတစ်ခုပါပဲ။
          ငါကလေ နင် ဘယ်မိန်းကလေးနဲ့ပဲတွဲတွဲ ၊ဘယ်မိန်းကလေးတွေ နဲ့ပဲ အတူရှိနေပါစေ၊ ဘာဆိုဘာမှ ပြောပိုင်ခွင့်မရှိတဲ့သူပါ။ ငေးမောကြည့်နေရုံလေးပဲ ငါ့မှာရှိတာပါ။ အဲဒါလေးတစ်ခုကိုတော့ နင်ခွင့်ပြုပေးပါနော်။ နင် Facebook မှာ ဘယ်သူနဲ့ပဲ ချစ်နေပါစေ။ နင့်ဓာတ်ပုံလေးကိုတွေ့ နေရရင်ပဲ ကျေနပ်ပါတယ်။ နင် ဘယ်သူ့ရင်ခွင်ထဲမှာပဲ ရှိနေပါစေ။ နင်ပျော်ရွှင်နေတယ်ဆိုရင် ငါပြုံးနေမှာပါ ချစ်သူ။ ငါ နင့်ကိုချစ်တဲ့ အချစ်တွေက အဖြူထည် သက်သက်ပါဟာ။ နင်နဲ့ ပတ်သက်တဲ့ အရာတွေကြောင့် နင့်ကို ချစ်ခဲ့တာ မဟုတ်ပါဘူး။ နင့်ရဲ့ ဂုဏ်ပကာသနတွေ၊ ချမ်းသာကြွယ်ဝ မှုတွေကို ငါဂရုမစိုက်ပါဘူး။ နင်ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ထာဝရချစ်နေမယ့်သူပါ။ နင် သုညဆိုတဲ့ဘ၀မျိုးကို ရောက်သွားခဲ့ရင်တောင် နင့်လက်ကိုဆုပ်ကိုင်ပြီး နှစ်ယောက်အတူတူ သုညကနေစကြမယ်ဆိုတဲ့ အတွေးမျိုးတောင် ရှိခဲ့သူပါဟာ။ ငါ့ ရဲ့ ဖြူစင်တဲ့ ချစ်မေတ္တာ တွေကို အစွန်းအထင်းမခံချင်လို့၊ နင့်အပေါ်ချစ်တာ အဖြူရောင်လေးဆိုတာကို သက်သေ ပြချင်လို့ နင်ချိန်းတဲ့ Party တွေ ၊ Dinner တွေ ၊ Gym ဆော့ဖို့တွေ နင်ပြောသမျှတွေကို ငြင်းပယ်ခဲ့တာပါ။ ဒါကိုနင်က မာနကြီးတယ်တဲ့လား။ ဘာမှမရှိဘဲ မာနတွေက မိုးထိနေတယ်တဲ့လား။ ပြောရက်လိုက်တာ၊ ထင်ရက်လိုက်တာနော်။ အေးပေါ့လေ ၊နင်တို့လို ချမ်းသာတဲ့ ငွေကြေး ရှင်အသိုင်းအ၀ိုင်းတွေမှာပဲ မာနတွေ ရှိတာပေါ့လေ ၊ ဟုတ်လား။ နင်တို့ လို လူတွေကပဲ မာနတွေ၊ မာန်တွေ တက်ပြလို့ရတယ်ပေါ့။ ငါတို့လို လူတွေမှာတော့ မာနတွေ ၊ သိက္ခာတွေ မရှိရတော့ဘူးပေါ့ ၊ဟုတ်လား။ တော်တော်တရားကျဖို့ကောင်းတယ်နော်။ ဒီမှာချစ်သူ လူတစ်ယောက်ဟာဘာဆိုဘာမှာမရှိတဲ့ လူတစ်ယောက်ပဲ ဖြစ်ပါစေဦးတော့ အဲဒီလူမှာ သူ့ရဲ့ မာနဆိုတာတော့ ရှိတယ်။ ဆင်းရဲတာနဲ့ မဆိုင်ပါဘူး။ လူမှန်ရင်တော့ မာနတရားဆိုတာတော့ ရှိတယ်။ ငါ့ ရဲ့ မာနတရားတွေကြောင့် နင်ကငါ့ကိုထားခဲ့တယ်နော်။ နင်နဲ့ ပတ်သက်ခွင့်မရတာကို ၀မ်းနည်းတာက လွဲလို့ ကျန်တာတွေအတွက်တော့ ငါနောင်တမရခဲ့ပါဘူး ချစ်သူ။
          နင်ရဲ့ ကြိုတင်ကြံစည်မှုကြီးကိုမသိဘဲ အညာခံလိုက်ရတဲ့ ငါ့နှလုံးသားကိုပဲ ငါသနားမိတယ်။ ဒီလောက်အချိန်တိုလေးအတွင်းမှာ တခြားမိန်းကလေးတစ်ယောက်နဲ့ အတူရှိနေနိုင်တဲ့ နင့်ကိုတော့ မချီးကျူးဘဲ မနေနိုင်ဘူးဟာ။ နင်ပြောခဲ့တဲ့ စကားတစ်ခွန်း မှတ်မိသေးရဲ့လားဟင်။ “ပြန်စဉ်းစားချင်သေးတယ်တဲ့” သြော်...မှားတာလည်း နင်ပဲနော်။ စဉ်းစားဦးမယ်ပြောတာလဲ နင်တစ်ယောက်ပဲနော်။တတ်လည်း တတ်နိုင်ပါပေတယ်။ ဒါနဲ့ များတောင် အမှတ်မရှိတဲ့ငါက နင်နဲ့ ပြန်လည်ပတ်သက်ဖို့ ကြိုးစားမိသေးတယ်လေ။ ငါပို့လိုက်တဲ့ SMS တစ်စောင်က နင့်ကိုဘယ်လောက်များထိခိုက်သွားစေသလဲဟင်။ နင့်ဘ၀တစ်ခုလုံးနဲ့များ ထိခိုက်စေလို့လား။ တစ်ခါမှ မင်းနဲ့ငါ လို့ မပြောဘူးတဲ့ နင်က မင်းတွေ၊ ငါတွေနဲ့ ပြောပြီး ငါ့ဆီကို ဘယ်တော့မှ မဆက်သွယ်ပါနဲ့တဲ့။ ငါ့ရဲ့ (...) အထင်လွဲနေလို့ ရှင်းပြပေးနိုင်မလားတဲ့။ ငါတစ်ချက်မှ မငြင်းဘဲ နင့်ကောင်မလေးကို ရှင်းပြပေးခဲ့တယ်နော်။ နင့်ကောင်မလေးပြောတဲ့ စကားတွေကို အပြုံးမပျက်ဘဲ နားထောင်ပေးခဲ့ပြီး ငါ့ကိုစော်ကားစေတဲ့ စကားတွေ တစ်ကြိမ်မကပါနေလည်း ငါခေါင်းငုံ့ ငြိမ်ပေးခဲ့တယ်။ အဲ့ဒါဘာကြောင့်လဲသိလား။ နင့်ကို သိပ်ချစ်လို့ပေါ့ဟာ။ ဒီအချိန်မှာ နင်စိတ်ချမ်းသာဖို့ အတွက် ငါ့ရဲ့မာနတွေ၊ သိက္ခာတွေကိုခ၀ါချပြီး ငါချစ်တဲ့နင့်အတွက်နင့်ရဲ့ကောင်မလေးကို တောင်းပန်ခဲ့တာသိလား။ နင့်ကောင်မလေးမေးတဲ့ “သူနဲ့ဘယ်လိုပတ်သက်တာလဲ” ဆိုတဲ့အမေးကို ငါဘယ်လိုဖြေလိုက်လဲ နင်မသိချင်ဘူးလား။ စိတ်ချပါဟာ။ နင်လန့်မသွားပါနဲ့။ ငါ့ဘက်က တစ်ဖက်သတ်ပါလို့ ရင်နာနာနဲ့ဘဲ ဖြေလိုက်ပါတယ်။
          ချစ်သူ ငါ့ဘ၀မှာ နင်က အရေးကြီးပါတယ်။ ဒါပေမယ့် နင့်ထက်အရေးကြီးတဲ့ အရာတွေလည်းရှိသေးတယ်။ ငါ့မိဘ၊ အစ်ကို၊ ပြီးတော့ငါ့ရဲ့အလုပ်ပေါ့။ နင့်ကိုချစ်ပေမယ့်၊ နင့်ကိုလွမ်းပေမယ့် နင်သိထားဖို့က ငါကလဲ တစ်ဖက်သတ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တော့ ငါ့သိက္ခာကို လဲယူမှာမဟုတ်ဘူးဆိုတာပဲ။ ငါ နင်နဲ့ပတ်သက်လို့ အသဲကွဲဖူးသွားပြီ။ မျက်ရည်တွေက မငိုဘဲကျလာပြီး ရင်ခွင်တစ်ခုလုံး နင့်နေတာ၊ နာကြည်းမှုတွေမပါတာ၊ မုန်းလို့မရသေးတာဟာ အသဲကွဲတာအစစ်ပေါ့ဟာ။ အဲဒီ့ခံစားမှုမျိုးကို ငါကြောက်သွားပြီ  ကြားဖူးတဲ့စကား တစ်ခုရှိတယ် “အချစ်ဆိုတာ လိမ်မာရင် ကိုယ့်အတွက် မလိမ်မာရင် သူများအတွက်တဲ့” ဟုတ်တယ်နော် ငါ မလိမ်မာခဲ့လို့ သူများအတွက်ဒီလောက်တောင် ခံစားခဲ့ရတာ။ အခုငါလိမ်မာတော့မယ်။ ချစ်ခြင်းရဲ့ ဟန်ဆောင်ခြင်း အတတ်ပညာတွေကို တတ်ရတော့မယ်။ လောကကြီးမှာ နင်တစ်ယောက်တည်းယောက်ျား မဟုတ်သလို နင်တစ်ယောက်တည်းချစ်တတ်တာ မဟုတ်ပါဘူးချစ်သူ။ ပြီးတော့ တစ်ခါအသည်းကွဲ ဖူးတိုင်း နောက်တစ်ခါအသည်းကွဲ ရလိမ့်မယ်လို့ ဘယ်သူကပြောလဲ။ အချစ်ဆိုတာ တစ်ခါတည်းနဲ့ သေဆုံးသွားတာမှ မဟုတ်တာ။ တကယ်တန်းကျတော့ အချစ်ဆိုတာ အမြဲတန်းအသစ်အသစ် တွေမွေးဖွားပေးနေတာပဲလေ။ အဲ့ဒီ့ အသစ်အသစ်တွေမွေးဖွားပေးနေတဲ့ အချစ်တွေဟာ နင့်အတွက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေသေးသရွေ့တော့ ငါ့ဘ၀မှာနောက်တစ်ယောက် ထပ်ရှိလာနိုင်ပေမယ့် နောက်တစ်ခေါက် ထပ်ချစ်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။ ချစ်သူ လောကကြီးမှာ ကိုယ်ပေးသလောက် ပြန်မရတာ အချစ်တစ်ခုဘဲရှိတယ်။ ငါနင့်ကိုချစ်ခဲ့သလို နင်ငါ့ကိုမချစ်ခဲ့ဘူးဆိုရင်လည်း အရင်တစ်ချိန်က (အရမ်းတိုတောင်းလွန်းတဲ့ ကာလအတွင်းက) နင်ငါ့ကိုချစ်တယ်လို့ပြောခဲ့တဲ့စကားကို အမြဲအမှတ်ရနေမိမှာပါ။ တစ်ချိန်ကနင်ပြောခဲ့တဲ့ “ငယ်က ချစ်ဖို့ကောင်းတယ်” ဆိုတဲ့ နင့်စကားသံကိုလဲ စွဲလမ်းနေဦးမှာပါ။ ဒါတွေကလည်း နင့်လိုမျိုး မေ့ပျောက်လွယ်တဲ့ နှလုံးသားတစ်စုံ မွေးဖွားမလာသေးတဲ့ အချိန်အထိပေါ့။ ချစ်သူ အချစ်မှာ “ပစောက်” နှစ်လုံးရှိတယ်။ ချစ်တဲ့လူတိုင်းဟာ အဲ့ဒီ့ “ပစောက်” နှစ်ခုထဲက တစ်ခုနဲ့တော့ ရင်းနှီးကြတယ်။ ပိုင်ဆိုင်တာနဲ့ ပေးဆပ်တာ။ နင်အချစ်နဲ့တွေ့တဲ့အခါတိုင်း ပိုင်ဆိုင်တာဆိုတဲ့ အချစ်နဲ့ပဲ ဆုံစည်းပါစေလို့ ငါ ဆုတောင်းပေး နေမယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါကနင်ပင်ပန်းမှာကို မကြည့်ရက်တဲ့ ပေးဆပ်သူမို့လို့ပဲပေါ့။

No comments:

Post a Comment