Friday, January 4, 2013

ဘာသာပြန်တော့မယ်ဆိုလျှင်..(၁)

 အားလုံးမင်္ဂလာပါနော်…
အခုတော့ အားလုံးပုံမှန်အခြေအနေပြန်ရောက်သွားပြီဆိုတော့ Learners of English ကိုလဲ အရင်လိုပဲ အားဖြည့်ပေးကြပါဦးနော်… ကိုသားလေးရဲ့ ဘယ်လိုဘာသာပြန်မလဲ ဆိုတဲ့ ဘလော့လေးကိုဖတ်ပြီး..အရင်က စဉ်းစားထားတဲ့ ကဏ္ဍလေးတစ်ခု အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တယ်..ဆိုဒ်ကို စ၀င်ကတည်းက အခုအချိန်အထိ blog တွေ Post တွေ ရေးဖို့ အမြဲအားပေးခဲ့တဲ့ အထူးသဖြင့်..ကိုသားလေး၊ ကိုဘိုးတော် နှင့် သူငယ်ချင်းများအားလုံး ကိုလဲ ကျေးဇူးတင်ပါတယ်..
ဘာသာပြန်တော့မယ်ဆိုလျှင် ကဏ္ဍလေးဟာ ဘာသာစကားလေ့လာနေသူများ (အထူးသဖြင့် အင်္ဂလိပ်) အတွက်ရည်ရွယ်ပြီး ၀ါသနာအရစုဆောင်းထားရှိသော ဘာသာပြန်ဆိုင်ရာလမ်းညွန်စာပေများကို share ပေးမယ့် အစီအစဉ်လေးပဲဖြစ်ပါတယ်။နာမည်ကျော်ဘာသာပြန်ပညာရှင်စာရေးဆရာအသီးသီး၏ “ဘာသာပြန်ဆိုခြင်း အတတ်ပညာ” အပေါ်အမြင်များ၊ ကိုယ်ပိုင်နည်းဝိသေသများ၊ လမ်းညွှန်ချက်များကို လက်လှမ်းမှီသလောက် ၀ါသနာတူသူငယ်ချင်းများ Online ထိုင်တဲ့အချိန်မှာ အကျိုးရှိစွာ အလွယ်တကူဖတ်ရှူနိုင်အောင် ရှာဖွေစုဆောင်းဖော်ပြပေး ခြင်းမျှသာဖြစ်ပါသည်။ကိုယ်ပိုင်ရေးသားချက်များ (လုံးဝ) လုံးဝမဟုတ်သည်ကို ရှေးဦးစွာ ပြောလိုပါသည်။ “ဘာသာပြန်” အတတ်ပညာသည် ဘောင်များ စနစ်များနှင့် နှစ်ဘာသာကျွမ်းကျင်ရုံသာမက အတွေ့အကြုံများခြင်းတို့အပေါ်တွင် အခြေခံသောကြောင့် မိမိသည်လည်း ၀ါရင့်ဆရာကြီးများ၏ညွှန်ကြားချက်များ၊ နည်းလမ်းများကို လေ့လာကာ ကိုယ်ခံပညာကောင်းအောင် အားထုတ်ဆဲဖြစ်၍ လမ်းညွှန်ချက်များရေးသားနိုင်ဖို့ရန် လိုအပ်ဆဲဖြစ်သည်ကို ရိုးသားစွာဝန်ခံလိုပါသည်။ (သို့သော်လည်း အလျှဉ်းသင့်သလို ကိုယ်ပိုင်ယူဆချက်များကို ဖော်ပြပါမည်)
ဘယ်လိုအရာပဲဖြစ်ပါစေ “ To know and not to do is to know yet.” ဆိုသည့်အတိုင်းပင် သိရုံသိပြီး လက်တွေ့ပြုလုပ်ခြင်းမရှိပါက သိရုံသိတာပဲ…ဆိုတာထက်မထူးသောကြောင့် ဘာသာပြန်အတတ်ပညာများလေ့လာရုံတင်မကဘဲ လက်တွေ့ကြိုးစားအားထုတ်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက် တန်ဖိုးရှိသော ဘာသာပြန်ကောင်းများဖြစ်ကြပါစေလို့…

ဘာသာပြန်ခြင်း အတတ်ပညာ (ဒဂုန်ရွှေမျှား)
“ဘာသာပြန်သည်” ကို အင်္ဂလိပ်ဘာသာဖြင့် Translate ဟုခေါ်၍ ယင်းစကားလုံး၏ အဓိပ္ပါယ်ကို အကောင်းဆုံး အဘိဓာန်တွင် အောက်ပါအတိုင်း ဖွင့်ဆိုထားသည်။
Translate = Hence, to change the form. Expression or mood of expression of, so as to interpret or make tangible, real , apparent , or the like ; to carry over from one sphere (into another) ; as, to translate a POEM into prose, thought into action, or ideal beauty into visible form.
အထက်ပါ စာပိုဒ်၏ အဓိပ္ပါယ်မှာ . . .
“ဘာသာပြန်” ဆိုခြင်းမှာ ပုံပန်းသဏ္ဌာန် ထုတ်ဖော်ပြောဆိုပုံ သို့မဟုတ် ပြောဟန်ဆိုဟန်နည်းမှ စ၍ စမ်းသပ်တွေ့ထိသိရှိနိုင်သည် အခြေအနေသို့ရောက်အောင် ဗဟိုအချက်အခြာတခုမှ အခြားဗဟိုအချက်အခြာတခု သို့မဟုတ် သက်ဆိုင်ရာနယ်ပယ်တခုမှ အခြားသက်ဆိုင်ရာ နယ်ပယ်တခုသို့ ယူဆောင်သွားခြင်းဖြစ်သည်။
ကျွန်ုပ်ယခုရေးသားသည့် ဘာသာပြန်ခြင်း အတတ်ပညာဆိုသည်မှာ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခြင်းကို မဆိုလို၊ ထို့ပြင် ဘာသာပြန်ပုံပြန်နည်းမှာလည်း အခြားသူများပြန်ဆိုသောနည်းကို မဆိုလိုဘဲ ကျွန်ုပ်ပြန်ဆိုသောနည်းကိုသာ ဆိုလိုပေသည်။
ဘာသာပြန်ရာတွင် အဓိကလိုက်နာရမည့် အချက်ကြီး ၁၀-ချက်ရှိကြောင်းဖြင့် ဘာသာပြန်အတတ်ကို ရေးသားသူ ရှေးကျမ်းပြု ဆရာကြီးများက ရေးသားထား၏။ ယင်းတို့မှာ အတိုချုပ်အားဖြင့် အောက်ပါအတိုင်းဖြစ်သည်။
          (၁)     မူလစာရေးဆရာ၏ အတွေးအခေါ်တစ်ခုစီကို အပိုအလိုမရှိပဲ တိတိကျကျပြန်ဆိုခြင်းသည် အဓိကဖြစ်၏။ မူလစာရေးဆရာ၏ အတွေးအခေါ်ကို ဖြည့်စွက်ခြင်း နုတ်ပယ်ခြင်း မပြုရ။
          (၂)     သင်ပြန်ဆိုသည့် စာကိုယ်အသွင်အပြင် ကာရန်ဝါကျတို့ကို မူလစာကိုယ်နှင့် တတ်နိုင်သမျှ တစ်ထပ်တည်းတူညီပါစေ။ သင်ပြန်ဆိုသည့် ဘာသာပြန်ဆိုချက်ကို ဖတ်သောစာဖတ်သူနှင့် မူရင်းဘာသာကိုရေးသည့် စာရေးဆရာစပ်ကြားတွင် သင်က “ကြားနေ” လူတယောက်အဖြစ်ဖြင့်သာ ဆောင်ရွက်ပါ။ သင်၏ အလုပ်မှာ နှစ်ဖက်စလုံးအား သစ္စာရှိရှိနှင့် တိတိကျကျ နားလည်ပေးရမည်သာဖြစ်သည်။
          (၃)     သင်ဘာသာပြန်သောအခါ မူရင်းဘာသာစာကိုယ် ၀ါကျအဆောက်အဦကြီးကို မထိဝံ့ မတို့ဝံ့သကဲ့သို့ ကြောက်ရွံ့မနေပါနှင့်၊ ဖြိုခွဲဖြတ်တောက်ပြစ်ပါ။ ဖြိုခွဲဖြတ်တောက် ပြန်ဆိုပြီးနောက် ပြန်လည်ဆက်စပ်စီကုံးပါ။ သို့သော် မူရင်းဝါကျအဖွဲ့အစည်း၏ “သဘောယုတ္တိ” ကိုမူမပျက်ပါစေနှင့်။
          (၄)     သင်ဘာသာပြန်ဆိုနေသော စာကိုယ်၏ မူလစာရေးဆရာသည် ယုတ္တိမတန် အဓိပ္ပါယ်ကင်းမဲ့စွာရေးသည်ဟု ထင်ရသည့်တိုင်အောင် ထိုစာကို သင်ပြရန် မဟုတ်ပေ၊ မူလစာရေးဆရာ၏ တာဝန်သာဖြစ်ပေသည်။
          (၅)     သင်ပြန်ဆိုထားသော စာကိုအသံထွက်အောင် ဖတ်ကြည့်ပါ။ မျက်စိက မဟုတ်ဘဲ နားက ဝေဖန်ပါစေ။
(မှတ်ချက်) အထက်ပါ ပညတ်ချက်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ထက် ၀ါရင့်သော ဆရာကြီး ရွှေဥဒေါင်းက သူသည် ဤပညတ်ချက် (၅)ခုကိုသာမူလကတွေ့ရလျှင် သူ၏ဘာသာပြန်များသည် ယခုထက်ပင် ကောင်းမွန်ချောမောမည် ထင်ကြောင်းဖြင့် စာအုပ်တအုပ်၏အမှာစာ တွင် ရေးသားခဲ့ဖူးလေသည်။
          (၆)     လုပ်ငန်းနှင့် သက်ဆိုင်သည့် အသုံးအနှုန်းအားလုံးကို သိရှိနိုင်ရန် သင်သည် နိုင်ငံခြားဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်ပြီး ဖြစ်ပါစေ။
          (၇)     ဘာသာပြန်ဆိုသူသည် မူရင်းဘာသာခြားစာပေ၏ တင့်တယ်ပြေပြစ်စွာ ရေးထားသော အပိုဒ်တိုင်းမှ စကားလုံးများကို တစ်လုံးစီ တစ်လုံးစီကောက်၍ အဓိပ္ပါယ်ပြန်ဆိုခြင်း မပြုအပ်ပေ။ ဘာသာစကားတိုင်းတွင် ခလုတ်ကန်သင်းနှင့် ထောင်ချောက် များရှိတတ်လေသည်။
(မှတ်ချက်) ကျွန်ုပ် သဘောအရဆိုလျှင် ကျွန်ုပ်တို့မြန်မာစာ၌ အထေ့အငေါ့ပျက်လုံး သရော်လုံးများ ရှိသကဲ့သို့ အင်္ဂလိပ်ဘာသာ၌လည်းရှိ၏။ ယင်းတို့သည် ခလုတ်ကန်သင်းများနှင့်တူ၍ မြန်မာဘာသာသို့ ပြန်ဆိုရာတွင် လွဲချော်မသွားစေရန် သတိပေးခြင်းဖြစ်ဟန်တူ၏။
          (၈)     သင်၏တိုင်းရင်းဘာသာစကားကို အဆက်မပြတ် လေ့လာနေရမည်။ သင်ဘာသာပြန်ကောင်းတစ်ယောက်ဖြစ်စေရန် နိုင်ငံခြားဘာသာစကားကို လုံလောက်စွာ တတ်မြောက်လာမည် ဖြစ်သော်လည်း သင်၏တိုင်းရင်းသားဘာသာစကားကိုမူ မည်သည့်အခါမျှ ပြည့်စုံလုံလောက်အောင် လေ့လာပြီးသည်ဟူ၍ မရှိချေ။
(မှတ်ချက်) အထက်ပါ ပညတ်ချက်၏ သဘောတရားမှာ မြန်မာစာသည် အလွန်ကြွယ်ဝ၍ မိမိအလိုရှိသော စကားလုံးကို အံကိုက်ဖြစ်အောင် ရှာဖွေရာတွင် မြန်မာစာပေ အဆက်မပြတ်လေ့လာနိုင်မှသာ အလွယ်တကူရရှိပေမည်။
          (၉)     “ဘာသာပြန်ဆို၍မရနိုင်”ဟူသောစာပေ မရှိချေ။
(မှတ်ချက်) ဤပညတ်ချက်၏ သဘောမှာ မည်မျှလောက် ခဲယဉ်းသောစာပင်ဖြစ်စေ၊ မြန်မာလူမျိုးများ နားလည်အောင် မူရင်းဘာသာလည်းမပျက်အောင် မြန်မာဘာသာသို့ ကူးပြောင်းနိုင်သည်ချည်းသာ ဖြစ်ရမည်။
          (၁၀)    သင်ပြန်ဆိုထားသည့်စာကို ဖတ်သူများက မူရင်းစာအဖြစ်လက်ခံလိမ့်မည်ဟု မသေချာမချင်း မနားမနေကြိုးစားရမည်။ ဘာသာပြန်စာတစ်ခုသည် ဘာသာပြန်ဟု မသိရမှာသာ ကောင်းသည်ဟုဆိုရမည်။ ဤအဆင့်သို့ ရောက်ရှိစေရန် အဘိဓာန်တစ်ခုတည်းကိုသာ သုံးခြင်းအားဖြင့် မဖြစ်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ဘာသာပြန်ဆိုသည့်အလုပ်တွင် ခံစားမှုရော စဉ်းစားတွေးခေါ်မှုကိုပါလိုအပ်သောကြောင့်တည်း။
ကျွန်ုပ်ကိုယ်တိုင်ပင် လွန်ခဲ့သော ၁၉၄၈ခုနှစ်မှစ၍ စာပေဗိမာန်သို့ ၀င်ရောက်အမှုမထမ်းမီအချိန်က အထက်ပါပညတ်ချက် ၁၀ချက်အကြောင်းကို မကြားဘူးသေးချေ၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကောင်းနိုးရာရာ ကိုယ်ထင်သလိုပြန်ဆိုခဲ့၏။
သို့ဖြစ်၍ စစ်မဖြစ်မီအချိန်က ကျွန်ုပ်ပြန်ဆိုခဲ့သော ဘာသာပြန်ဝတ္တု၊ ဆောင်းပါးများမှာ အဓိပ္ပါယ်လွဲမှားချို့ယွင်းခြင်း မရှိလှသော်လည်း စစ်ကြီးပြီးသည့်နောက်ပိုင်းတွင် ပြန်ဆိုသော ဘာသာပြန်များလောက်  ချောချောမွေ့မွေ့ ကျစ်ကျစ်လျစ်လျစ် မရှိသည်ကို တွေ့ရပါသည်။
ဤအချက်ကို ထောက်ခြင်းအားဖြင့် ဘာသာပြန်ဆိုရာတွင် မိမိကိုယ်တိုင် သာမန်ဘာသာပြန်တတ်ရုံမျှနှင့် မလုံလောက်သေးဘဲ (၁) အတွေ့အကြုံများခြင်း။ (၂) လုပ်ငန်းတွင် ၀ါရင့်ခြင်း။ (၃) လွတ်လပ်စွာ ပြန်ဆိုနိုင်ခွင့်ရှိခြင်း။ (၄) တစ်လုံးစီအဓိပ္ပါယ်ကို ကောက်ယူခြင်းထက် သဘောတရားကို အလေးပေး၍ ပြန်ဆိုခြင်းစသည့် အချက်များ လိုအပ်သည်ကို တွေ့ရပါသည်။
ဘာသာပြန်ဆိုခြင်းသည် Art ခေါ်အနုပညာတစ်ရပ်ဖြစ်၍ ဘာသာပြန်သူသည် မိမိပြန်ဆိုချက်ကို ပြောင်မြောက်နိုင်သမျှ ပြောင်မြောက်အောင် မွမ်းမံပေးနိုင်သည့် အစွမ်းရှိလေသည်။ တတ်နိုင်သမျှလည်း ကြိုးစားအားထုတ်ရပေမည်။
ယင်းတို့သည်ကား ကျွန်ုပ်၏ဘာသာပြန်နည်းကို တစ်စိတ်တစ်ဒေသမျှ ရေးသားဖော်ပြခြင်းဖြစ်ပါကြောင်း။


ကြိုးစားလျှက်
      ladyperper@wytumyanmar.com

No comments:

Post a Comment